24 January 2012
ဤခရီး မနီးမဝေးပါ (၁၅)
ယဉ်ကျေးမှုမြို့တော် မဲလ်ဘုန်းမြို့
(၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့၊)
၁၈၃၅ ခုနှစ်က တည်ထောင်ခဲ့သော မဲလ်ဘုန်းမြို့တော်သို့ ယနေ့နေ့လည်တွင် ဦးဇနိတနှင့် အတူရောက် ရှိခဲ့ပါပြီ။ ဤမြို့လည်ခေါင်ကိုဖြတ်၍ ဦးဇနိတကျောင်းတည်ရှိရာကျောင်းသို့ လာကြိုသော ကားကို စီးခဲ့ရပါ သည်။ တစ်နာရီခန့်မောင်းပြီးသော်ကျောင်းနေရာသို့ရောက်ခဲ့ပါသည်။ သို့သော်ကျောင်းသို့ မ၀င်သေး ဘဲကျောင်းမြေနေရာသစ်ကို ကြည့်ရှုရန် အတွက် ကားကိုဆက်မောင်းခဲ့ကြပါသည်။ ဧက၀က်ခန့်ရှိသော ဤမြေနေရာသည် အဆောက်အဦးနှင့်တကွ ကာလတန်ဖိုး သြစတေးလျဒေါ်လာ ရှစ်သိန်းခန့်ပေးရမည်ဟု သိရပါသည်။ ထိုဝယ်ယူရန် လျာထားသောကျောင်းမြေနေရာနှင့် အဆောက်အဦးကို ကြည့်ပြီးနောက် ဦးဇနိ တသီတင်းသုံးနေဆဲကျောင်းသို့ ညနေပိုင်းတွင်ရောက်ခဲ့ပါသည်။ ဤကျောင်းသည် ယခင်က သီရိလင်္ကာရ ဟန်းတော်များနေထိုင်ခဲ့သည့်ကျောင်းကို ၀ယ်ယူခဲ့ခြင်း ဖြစ်သည်ဟုသိရပြီး ဦးဇနိတသည် မြန်မာကျောင်း၏ ဒုတိယမြောက် ရဟန်းတော်ဖြစ်ပါသည်။ ဤကျောင်းရောက်သော်နှစ်ရက်ခန့် ဘယ်မှမလည်ဖြစ်ပဲကျောင်း တွင် စာဖတ်နေခဲ့ပါသည်။ ဖတ်ဖြစ်သည့်စာမှာ မဟာသမယသုတ်တော် အစုံဖြစ်ပါသည်။ မဟာစည် ဆ ရာတော်ကြီးသည် ဤတရားတော်များကိုဟောကြားပြီး စာအုပ်အဖြစ်လေးအုပ်ထုတ်ဝေထားပါသည်။ ထိုစာ အုပ်လေးအုပ်တွင်တစ်အုပ်စီ၏ နိဒါန်းကို မဟာစည်ဆရာတော်၊ရွှေတောင်ကုန်း ဆရာတော်၊မြန်အောင် ဆရာတော်၊ ပဲခုးကြခတ်ဝိုင်းဆရာတော်တို့ကရေးသားထားပါသည်။ မဟာသမယသုတ်တော်သည် ငြိမ်း ချမ်းရေး၏ အသီးအပွင့်ဖြစ်သော အကျိုးရလာဒ်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ဒေ၀ဒဟနှင့် ကပိလမြို့များမှ စစ်သားတစ်ဖက်နှစ်ရာငါးဆယ်စီကို ရဟန်းပြုစေခဲ့ပြီး အားလုံး ရဟန္တာဖြစ်ကြသောအခါ မဟာဝုန်တောကြီး အတွင်းတွင်ဟောကြားအပ်သော တရားဒေသနာတော်ဖြစ်ပါသည်။ ဤသုတ်ဟောကြားချိန်တွင် တရားနာ ယူရန်ရောက်လာကြသော နတ်ပရိတ်သတ် အပေါင်း၏ နာမည်များကိုခေါ်တော်မူထားသဖြင့် နတ်ချစ် သုတ္တန်ဟုလည်း ခေါ်ဝေါ်ကြပါသည်။ နယုန်လပြည့်နေ့တွင် ရွတ်ဆိုလေ့ရှိသော သုတ္တန်တစ်ခု ဖြစ်ပေသည်။ ဤငါးရာသော ရဟန်းတော်တို့သည် ရဟန်းမပြုမီ တစ်ချိန်ကကောက်ပဲသီးနှံများရှင်သန်စေရန်ရေကို အကြောင်းပြု၍တစ်ဖက်နှင့်တစ်ဖက် သတ်ခါနီးဆဲဆဲ အခြေအနေတွင် ရှိခဲ့သည့် ရန်ဖက်များဖြစ်ခဲ့ ကြပေသည်။ အချိန်မီကြွတော်မူလာခဲ့သော ဘုရားရှင်၏ ညီညွတ်ရေးဟောကြားမှုကြောင့် ရန်များရပ်စဲခဲ့ရုံ သာ မျှမက ရဟန်းတော်များဖြစ်ခဲ့ကြကာ ရဟန္တာဘ၀အထိပင် ရောက်ခဲ့ကြပေသည်။
ဤသုတ်တော်များကို ဖတ်ရသည်မှာ ကြည်ညိုဖွယ်အထိဖြစ်ခဲ့ရပေသည် ။နှစ်ညအိပ် ပြီးနောက် ရက်တွင်ဒေါက်တာကိုဝင်းဦးထားဝယ်က မြို့တွင်းသို့ ပို့ဆောင်ပေးသဖြင့် မဲလဘုန်းမြို့တွင်း လည်ပတ်ဖြစ် ခဲ့ပါသည်။ ဤမြို့သည် သပ်သပ်ယပ်ယပ် ရှိလှပါသည်။ မြို့တွင်းပြေး ဘတ်စ်ကားများတွင် အချို့ကို အခမဲ့ စီးခွင့်ရခဲ့ကြပါသည်။ ကိုဝင်းဦးနှင့် သွားသင့်သည့်နေရာများသို့ လည်ပတ်ဖြစ်ခဲ့ပြီး ဓာတ်ပုံ ဗွီဒီယိုမှတ်တမ်း တင်ခဲ့ကြပါသည်။ ကိုဝင်းဦးသည် မြန်မာပြည်မှ ဆရာဝန်ဖြစ်စာမေးပွဲကို ၀င်ရောက်ဖြေဆိုနေသူ ဒေါက်တာ တစ်ဦးဖြစ်ပြီးနောက်တစ်နေ့တွင်ဂေဇက်ထွက်သည်နှင့်ကြုံသဖြင့် သူစာမေးပွဲကိုအောင်မြင်ကြောင်း သိခဲ့ ရပေသည်။ကိုဝင်းဦးနှင့်မြို့တွင်းသို့ လည်ပတ်ခဲ့ပြီး တည်းခိုကျောင်းသို့ အပြန်တွင် ပင်လယ်ကမ်း ခြေဘက်သို့ ရထားလိုင်းကို ပြောင်းစီးခဲ့ပြီး လည်ပတ်ဖြစ်ခဲ့သေးသည်။ ထိုနေ့ကတစ်နေကုန် အပြင်တွင် အချိန်ကုန်ခဲ့ပြီး ညနေပိုင်းတွင် ကျောင်းသို့ ပြန်ခဲ့ကြပါသည်။
နောက်တစ်နေ့တွင် ဦးဇနိတသီတင်းသုံးနေသောကျောင်းကိုရောင်းချရန် အပ်နှံထားသော ကုမ္ပဏီသို့ သ တင်းမေးရန်သွားခဲ့ကြပါသည်။ ဘုန်းကြီးကျောင်းနေရာဖြစ်သဖြင့် စိတ်ဝင်စားသူ နည်းလှသည်ဟု သိရပါ သည်။ထိုနေ့ညနေတွင်သတင်းစုံးစမ်းထားသောမြေနေရာများကို ကြည့်ရှုရန်ကျောင်းမှ အတန်ဝေးသောနေ ရာသို့ဝယ်ယူမည့်ကျောင်းနေရာကိုရှာဖွေခဲ့ကြပါသည်။ အတော်ပင်ကျယ်ဝန်းသော်လည်း လှူဒါန်း မည့်သူ များအလွယ်တကူ မလာရောက်နိုင်သော မြေနေရာများကို တွေ့ခဲ့ရပေသည်။ အဆုံးတွင် စိတ်ပျက်ပျက်ဖြင့် ညပိုင်းမှကျောင်းသို့ပြန်ရောက်ခဲ့ကြပါသည်။မြတ်ဗုဒ္ဓက မဝေးနီးမော၊ မရောလူရှင်စသဖြင့် လူများနှင့် မဝေးလွန်းသောနေရာ၊ လူများနှင့် မနီးလွန်းသောနေရာ၊ သွားလာရာလမ်းက အဆင်ပြေသောနေရာ၊ လူသံများဆိတ်ငြိမ်သောနေရာစသဖြင့်ကျောင်းမြေနေရာကို သတ်မှတ်ထားသည်မှာ အလွန်ပင်အံ့သြ ကြည် ညိုရပါသည်။ ဦးဇနိတသည်လည်း ဤလိုနေရာမျိုးကိုရပါမူ ကောင်းလေစွဟု စိတ်ကူးရမိပါသည်။
နောက်တနေ့တွင် ဦးဇနိတနှင့် စာပေရေးရာ၊ကမ္မဋ္ဌာန်းရေးရာများ ကိုလေးလေး နက်နက်ဆွေးနွေးဖြစ် ခဲ့ပေသည်။ အချိန်ကလည်း သိပ်မရတော့ပေ။ မနက်ဖြန်နံနက်စောစောတွင် ဆစ်ဒနီသို့ပြန်ကြွရပေတော့ မည်။ ဤကျောင်းသို့ ဆွမ်းလာပို့ကြသော မိသားစုနှစ်စု၊ သုံးစုကိုလည်း သတိထား မိခဲ့ပေသည်။ စကားများ များမပြောဖြစ်ခဲ့ပေ။ ဦးဇနိတနှင့်လည်းကျောင်းအနီးဝန်းကျင်သို့ အညောင်းပြေ လမ်းလျောက် ဖြစ်ခဲ့ သေးသည်။ သြစတေးလျလည်ပတ်သည့်နေရာများတွင် မဲလဘုန်းလည်ပတ်ရသည်မှာ ထူးခြားသော ခံစားမှု မျိုးမဖြစ်ပေ။ အချိန်မကြာသဖြင့်သာတော်ပေတော့သည်။ စာရေးသူပျော်မည့်မြို့ မဟုတ်ဟုလည်း စိတ်မြှာ ဖစ်ခဲ့မိပေသည်။ မည်သို့ဆိုစေကာမူ မိတ်ဆွေကြီးဦးဇနိတကမူ အိမ်ရှင်တာဝန်ကျေပွန်ခဲ့ပေသည်။ စာရေးသူ၏သြစတေးလျခရီးစဉ် တလျောက်လုံး ကူညီခဲ့သူများကို အထူးပင်ကျေးဇူး တင်မိပါသည်။ ဤသို့ ဖြင့် မဲလဘုန်းမြို့မှ ဆစ်ဒနီသို့နောက်တနေ့ နံနက်စောစောတွင်ပြန်လည် ထွက်ခွါလာခဲ့ ရပေသည်။ သြ စတေးလျ ခရီးစဉ် ဆောင်းပါးကို နောက်ဆက်ရန် ဆောင်းပါးတွင် အဆုံးသတ်ပါတော့မည်။


